17 Sep မြန်မာ့ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် Max Myanmar Construction အနေဖြင့် ငွေကျပ် ၂ ဘီလီယံတန်ဖိုးရှိ စပွန်ဆာပံ့ပိုးမှုများ ပြုလုပ်
မြန်မာနိုင်ငံ၏ ဘောလုံးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အားကစားကဏ္ဍမြှင့်တင်ရေးတို့အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) နှင့် Max Myanmar Group ၏ ကုမ္ပဏီခွဲဖြစ်သော Max Myanmar Construction တို့အကြား စပွန်ဆာစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၁:၀၀ နာရီတွင် ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel (Pathein Room) ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
Max Myanmar Group ၏ အဓိက ပံ့ပိုးကူညီမှု အနေဖြင့် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့ရသည့် မန္တလေးဘောလုံးအကယ်ဒမီအား မူလအခြေအနေထက် ပိုမိုကောင်းမွန်သည့် ပုံစံများဖြင့် ပြန်လည်တည်ဆောက် ရာတွင် ငွေကျပ် ၂ ဘီလီယံ (ကျပ်သိန်း ၂၀,၀၀၀) တန်ဖိုးရှိ စတင်ပြုပြင်တည်ဆောက်မှုများအတွက် Max Myanmar Construction မှ တာဝန်ယူ ပံ့ပိုးခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါစာချုပ်ကို Max Myanmar Construction Co., Ltd. မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်သက်နှင်းစိုးနှင့် Admin ဒါရိုက်တာ ဦးခင်မောင်ထွန်းတို့က လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ယခုကဲ့သို့ မျိုးဆက်သစ်ဘောလုံးသမားများ မွေးထုတ်ပေးလျက်ရှိသည့် မန္တလေးဘောလုံးအကယ်ဒမီ ပင်မအဆောက်အအုံ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ပံ့ပိုးခွင့်ရရှိခြင်းအပေါ် Max Myanmar Construction အနေဖြင့် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။
Max Myanmar Constructionသည် ရှေ့ဆက်၍လည်း တာဝန်သိ (Corporate) လူမှုကျင့်ဝတ်တစ်ရပ်အနေဖြင့် မြန်မာ့အားကစားနှင့် ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ လက်တွဲကာ အစွမ်းကုန် ဆက်လက်ပါဝင်အားဖြည့်သွားမည် ဖြစ်ပါသည်။




